အသက်ကြီးမှ ကလေးမွေးမယ့် အမျိုးသမီးတွေ ဘာတွေ သတိထားရမလဲ
အလုပ်တွေ ဖိလုပ်ရင်း အသက်ကြီးမှန်းမသိ ကြီးလာခဲ့ပြီး အသက်လေး တော်တော်ရမှ ကလေးယူဖို့ စဉ်းစားနေတဲ့ မမတွေ ရှိလား? ဒါဆိုရင်တော့ အသက်ကြီးမှ ကလေးယူမယ့်သူတွေ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ စာလေးဆုံးအောင် ဖတ်ကြည့်ပေးခဲ့ဦးနော်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ် တိတိကျကျ ပြောပြရရင် ၂၀၁၀ ခုနှစ် နောက်ပိုင်းကာလတွေမှာ အသက် ၃၀ ကျော်၊ ၄၀ ကျော် ကာလတွေမှ ကလေးယူတာတွေ တော်တော်လေး များလာခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်မှာ ကလေးမွေးဖွားမှု နှုန်း ကျဆင်းလာခဲ့ပါတယ်။ အလုပ်တွေ ဖိစီးမှုကြောင့် အလုပ်အကိုင်အခြေအနေ အတည်တကျ စီးပွားရေးအခြေအနေ စိတ်ချရချိန်မှ ကလေးယူတာက ကောင်းတယ်ဆိုပေမယ့် အသက်အရွယ် တော်တော်လေး ရမှ ကလေးယူတာ ကတော့ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်များပါတယ်။
အသက်ကြီးမှ ကလေးမွေးတာက အန္တရာယ်များပါတယ်
အသက် ၃၅ နှစ်နောက်ပိုင်းမှ ကလေးယူတဲ့အခါ အရင်ဆုံး တွေ့ရနိုင်တဲ့ အခက်အခဲက ကလေးရဖို့ ခက်တာပါ။ အသက် ၃၅ နှစ် နောက်ပိုင်းမှာ မိခင်က ကျန်းမာတဲ့ မျိုးဥအရေအတွက် သိသိသာသာ ကျဆင်းသွားပါတယ်။ နောက်တစ်ချက်က အမြွှာမွေးနိုင်ခြေလည်း များပါတယ်။
မေမေက အသက်ကြီးလေလေ ကလေးမှာ ခရိုမိုဆုမ်း မူမမှန်တာ ဖြစ်စေနိုင်တာကြောင့် ကလေးမှာ ဒေါင်းမ်ရောဂါ လက္ခဏာစု ပါလာနိုင်ပါတယ်။ မိခင်က အသက် ၂၅ နှစ်အရွယ်မှာ ကလေးမွေးဖွားမယ်ဆိုရင် ဒေါင်းမ်ရောဂါ ပါလာနိုင်ခြေက အယောက် ၁၂၅၀ မှာ ၁ ယောက်နှုန်းပဲ ရှိပါတယ်။ အရေအတွက်အားဖြင့် တော်တော်လေး နည်းပြီး အသက် ၃၅ နှစ် နောက်ပိုင်းမှာဆိုရင် ဖြစ်နိုင်ခြေက အယောက် ၄၀၀ မှာ ၁ ယောက်နှုန်း၊ အသက် ၄၅ နှစ်မှာတော့ အယောက် ၃၀ မှာ ၁ ယောက်နှုန်းလောက်အထိ ဖြစ်နိုင်ခြေက တော်တော်လေး များလာပါတယ်။
နောက်ထပ် အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူတွေမှာ တွေ့ရနိုင်တဲ့ အန္တရာယ် တစ်ခုက ကိုယ်ဝန်ဆောင် ၁၃ ပတ်ကာလမှာ ကိုယ်ဝန်ပျက်ကျတာ အဖြစ်များပါတယ်။ အသက် ၃၅ နှစ် ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ၂၀% ရှိနေပြီး အသက် ၄၅ နှစ် ကိုယ်ဝန်ဆောင်တွေမှာတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၈၀% အထိ ရှိနေပါတယ်။
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တာက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ များသလို ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်လည်း များပါတယ်။ ဒီရောဂါတွေကပဲ ကိုယ်ဝန်ပျက်ကျတာ၊ ကလေအထွားနှေးတာ၊ ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာတွေကု ခံစားရနိုင်ပါတယ်။
မွေးဖွားချိန်မှာလည်း အချင်းပြဿနာတွေအနေနဲ့ အချင်းရှေ့ရောက်တာ၊ မွေးလမ်းကြောင်းမှာ အချင်း ပိတ်ဆို့ တာတွေ ဖြစ်နိုင်သလို မွေးဖွားချိန်မှာ သွေးသွန်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီကျန်းမာရေးပြဿနာကို ခံစားရနိုင်ခြေက အသက် ၄၀ အမျိုးသမီးတွေမှာ အသက် ၂၀ အမျိုးသမီးတွေထက် ၃ ဆလောက်ပိုများနေပါတယ်။
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေမှာ လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေ သတိထားရမလဲဆိုတာကို ဆက်ပြောပြမယ်နော်။
အသက်ကြီးမှ ကလေးမွေးမယ့် အမျိုးသမီးတွေ ဘာတွေ သတိထားရမလဲ
အသက် ၃၅ နှစ် နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်မယ့် မေမေတွေ အနေနဲ့ မေမေရော ရင်သွေးလေးပါ ကျန်းမာစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။
- အားဆေး သောက်ပါ။ ကိုယ်ဝန်မဆောင်ခင် ၂ လ ၃ လလောက် ကြိုတင်ပြီး ကိုယ်ဝန်ဆောင် အားဆေးတွေ၊ ဖောလစ်အက်ဆစ် စတာတွေကို သောက်ပေးပါ။ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ မပါစေဖို့ပေါ့။
- ဆရာဝန်နဲ့ ပုံမှန်ပြပေးပါ။ ကိုယ်ဝန်မဆောင်ခင်မှာလည်း ကြိုတင်စစ်ဆေးမှုတွေ လုပ်ဆောင်ပေးပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာလည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်း နေထိုင်စားသောက်မှုကို သေချာလေး ဂရုစိုက်ပေးပါ။
- သွေးတိုး၊ ဆီးချို နဲ့ နှလုံးရောဂါတွေလိုမျိုး ရောဂါအခံတွေရှိမယ်ဆိုရင်လည်း သေချာလေး ဂရုစိုက်ပေးပါ။ ဒါမှ မိခင်ရော ရင်သွေးလေးပါ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်မှာပါ။
- အဝလွန်နေမယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင်မှာ ကြိုတင်ပြီး ကိုယ်အလေးချိန်ကို လျှော့ပါ။ ဒီလို လုပ်ဆောင်ပေးတာက ကလေးရစေဖို့ရော မွေးဖွားရာမှာပါ လွယ်ကူစေသလို မိခင်ရော ရင်သွေးလေးကိုပါ ကျန်းမာစေမှာပါ။
- အာဟာရမျှတအောင် စားပါ။ လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိအောင် စားသုံးပေးတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေမှာပါ။ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ ပြည့်ဝမျှတအောင် စားသုံးပေးပါ။
- လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တင့် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးတာက မေမေရော ရင်သွေးလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။
- အိပ်ရေးဝပါစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးဝဖို့က အတော်လေး အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်စေသလို ကလေးကြီးထွားစေဖို့လည်း အားဖြည့်ပေးမှာပါ။
- ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက မေမေ့ကျန်းမာရေးကိုရော ရင်သွေးလေး ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။
- အရက်နဲ့ မူးယစ်ဆေးရှောင်ပါ။ ဒါတွေက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
နောက်ဆုံး သတင်းကောင်း တစ်ခု ပါးချင်တာက အသက် ၃၅ နှစ်အထက်မှ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေက မှန်ကန်တဲ့ ကိုယ်ဝန်ဆောင်ကာလစောင့်ရှောက်မှုကို ရရှိမယ်ဆိုရင် မေမေတွေအနေနဲ့ ကျန်းမာတဲ့ ရင်သွေးလေးကို မွေးဖွား နိုင်မယ်ဆိုတာပါ။
မွန်မွန်